News Article Photo Poem Video Cartoon Music Radio

Wednesday, December 10, 2008

ပုဂ္ဂလိက ဘဏ် ၂ ခုတွင် ငွေထုတ်မရကြောင်း ကောလာဟလ ပေါ်ထွက်

နန်းဒေ၀ီ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 10 2008 17:21 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ပုဂ္ဂလိကဘဏ် ၂ ခုဖြစ်သည့် ကမ္ဘောဇနှင့် ရိုးမဘဏ်တွင် ငွေထုတ်ယူခွင့် ရပ်ဆိုင်းကြောင်း ကောလာဟလများ ပေါ်ထွက်နေသော်လည်း ဘဏ်တာဝန်ရှိသူများကမူ မဟုတ်မှန်ကြောင်း ယနေ့ ငြင်းဆိုသည်။

ရန်ကုန်အခြေစိုက် ယခု ဘဏ် ၂ ခုတွင် စာရင်းဖွင့်ထားသူများအကြား ကောလာဟလ ပြောဆိုမှုများ ဖြစ်ပေါ်နေသော်လည်း ဘဏ်တာဝန်ရှိသူများဘက်က ဤပြောဆိုချက်များအပေါ် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

"ဘာပြဿနာမှ မရှိပါဘူး။ ကျနော်တို့ Remittance (ငွေလွှဲပြောင်းလုပ်ငန်း) လုပ်နေတာပဲ။ သိန်း တထောင်လွှဲရင် သိန်း တထောင် ချက်ချင်း ထုတ်ပေးတယ်" ဟု 'ရိုးမဘဏ် လီမိတက်' ရုံးချုပ်မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

အလားတူပင် ရန်ကုန်မြို့ ပြည်လမ်းရှိ 'ကမ္ဘောဇဘဏ် လီမိတက်' မှ ၀န်ထမ်းတဦးကလည်း ပုံမှန်အတိုင်း ငွေထုတ်ပေးနေသည်ဟု ဆိုသည်။

သူက "ပုံမှန်အတိုင်းပဲ ငွေထုတ်ပေးနေပါတယ်။ အခုထိ ဘယ်သူမှ complain (တိုင်တန်း) လုပ်တာ မရှိသေးပါဘူး" ဟု ပြောသည်။

ယခု ဘဏ် ၂ ခုနှင့် ငွေလွှဲငွေထုတ် ပုံမှန်ပြုလုပ်နေသည့် ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကလည်း ကောလာဟလများ ကြားသိနေရသော်လည်း သူ့အနေဖြင့် ယခုထိ ပုံမှန်အတိုင်း ငွေထုတ်ယူနိုင်ကြောင်း ပြောဆိုသည်။

သူက "ကျမတို့က အဲဒီဘဏ်တွေနဲ့ ပုံမှန်ဆက်သွယ်နေတော့ အခုထိ ဘာမှတော့ ပြဿနာ မရှိဘူး။ ကျမတို့ လုပ်ငန်းအတွက် လိုသလောက် ထုတ်လို့ရတယ်။ ရိုးမဘဏ်ဆိုရင် စဖွင့်ကတည်းက ဆက်ဆံလာတာ အခုထိပဲ" ဟု ပြောသည်။

ငွေသွင်း၊ ငွေထုတ် ပြုလုပ်ရာတွင် မြန်မာအစိုးရ ဖွင့်ထားသည့် မြန်မာဗဟိုဘဏ် (Central Bank of Myanmar) ညွှန်ကြားချက်အတိုင်း တနေ့လျှင် ကျပ်ငွေ သိန်း ၃၀ အထိသာ ငွေသွင်းလက်ခံကာ၊ တပတ်အတွင်း တကြိမ်နှုန်းဖြင့်သာ နှစ်သက်သည့် ငွေပမာဏကို ထုတ်ယူခွင့်ပေးကြောင်း ကမ္ဘောဇဘဏ်မှ ၀န်ထမ်းက ပြောသည်။

သူက "ဗဟိုဘဏ်က ညွှန်ကြားထားတာအမ။ ဘာဖြစ်လို့ဆိုတာကို သေချာမသိဘူး။ တလကျော်လောက်ရှိပြီ။ သူတို့ပြောတဲ့အတိုင်း လုပ်နေတာ" ဟု ဆိုသည်။

သို့သော်လည်း ကမ္ဘောဇဘဏ်၌ပင် စာရင်းဖွင့်ထားသူတဦးကမူ ဘဏ်တွင် သက်တမ်းရှည်ကြာ ခိုင်မာစွာ စာရင်းဖွင့်ထားသူများသာ စိတ်တိုင်းကျ အတိုင်းအတာအထိ ငွေထုတ်ယူနိုင်သော်လည်း မခိုင်မာသေးသူ စာရှင်းရှင်များအတွက်မူ တပတ်လျှင် ၁၀ သိန်းအထိသာ ထုတ်ပေးသည်ဟု မဇ္ဈိမကို ပြောဆိုသည်။

No comments: