News Article Photo Poem Video Cartoon Music Radio

Tuesday, July 31, 2012

ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆို

ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆို


Wednesday, December 10, 2008

ကိုမင်းကိုနိုင် မျက်စိ ကုသရန် လိုအပ်ဟု မိသားစုဝင်က ပြောဆ

မုံပီး
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 10 2008 19:28 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ အကျဉ်းထောင်အတွင်း၌ ၆၅ နှစ် ထောင်ဒဏ် ချမှတ်ခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် မျက်လုံးတဖက်တွင် ဝေဒနာ ခံစားနေရသဖြင့် အရေးပေါ် ဆေးဝါးကုသရန် လိုအပ်နေကြောင်း အမဖြစ်သူက ယနေ့ ပြောဆိုသည်။

လက်ရှိ အကျဉ်းကျခံနေရသည့် ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပြီးခဲ့သည့် ကြာသပတေးနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သူ အမ ဒေါ်ကြည်ကြည်ညွန့်က ကိုမင်းကိုနိုင်၏ မျက်လုံးတဖက်မှာ ပြင်းထန်စွာ ဝေဒနာခံစားနေရသဖြင့် ကျွမ်းကျင်သူ ဆရာဝန်နှင့် ပြသရန် လိုအပ်နေကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“မျက်စိအထူးကု ဆရာဝန်နဲ့ စစ်ဆေးကုသခွင့်ပေးဖို့ ကျမတို့က ထောင်အာဏာပိုင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခု ဝေဒနာမှာ ရန်ကုန်ရှိ အင်းစိန်ထောင်တွင် အကျဉ်းကျခံရစဉ်ကတည်းက ခံစားနေခဲ့ရသည်ဟု သူက ဆိုသည်။

ကိုမင်းကိုနိုင်ကို ယခုအခါ တဦးတည်း သီးခြားချုပ်နှောင်ထားသည်ဟုလည်း ပြောသည်။

“သူ့ကို ရေခဲသေတ္တာထဲ ထည့်ထားသလိုပါပဲ” ဟု ပြောဆိုကာ၊ ကျိုင်းတုံ ရာသီဥတုမှာ သူ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် နေသာသည့်အချိန်၌ ပတ်ဝန်းကျင်သို့ လမ်းလျှောက်ခွင့်ပြုရန် ထောင်အာဏာပိုင်များထံ မေတ္တာရပ်ခံခဲ့ကြောင်းနှင့် ရာသီဥတု အေးလွန်းသဖြင့် လက်များနှင့် ခြေထောက်များမှာ လှုပ်ရှားရခက်ခဲနေကြောင်း ဒေါ်ကြည်ကြည်ညွန့်က ပြောဆိုသည်။

ထင်ရှားကျော်ကြားသည့် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးသည် စစ်အစိုးရက လောင်စာဆီဈေးနှုန်းများ မြှင့်တင်လိုက်ပြီးနောက် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သဖြင့် ၂ဝဝ၇ ခုနှစ် သြဂုတ်လ လလယ်က ဖမ်းဆီးခံခဲ့ရသည်။

ကိုမင်းကိုနိုင်ကို ပြီးခဲ့သည့်လ ၁၁ ရက်နေ့က သူ၏ လုပ်ဖော်ကိုင်ဘက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့ပြီးနောက် လကုန်ပိုင်းတွင် ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ကိုကိုကြီးကိုမူ ကျိုင်းတုံထောင်တွင် နှစ်ညခန့် ထားရှိပြီးနောက် မိုင်းဆတ်ထောင်သို့ ပို့ဆောင်လိုက်သည်။

စစ်အစိုးရက ပြီးခဲ့သည့် လအနည်းငယ်မှစတင်ကာ ဖမ်းဆီးထားသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား ရှည်လျားသည့် ထောင်ဒဏ်များ ချမှတ်ကာ၊ သူတို့ကို ဝေးလံလှသည့် အကျဉ်းထောင်များဆီ ပြောင်းရွှေ့လိုက်သဖြင့် သက်ဆိုင်သူ မိသားစုဝင်များအဖို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံရန် အခက်အခဲများ ဖြစ်ပေါ်လာခဲ့သည်။

“သူ့ (ကိုမင်းကိုနိုင်) ကို နှစ်ပတ်မှာ တကြိမ် လာတွေ့နိုင်တယ်လို့ ထောင်အာဏာပိုင်တွေက ပြောတယ်။ ဒါပေမဲ့ အဲဒီလို သွားနိုင်မယ် မထင်ပါဘူး။ တအားဝေးလွန်းလို့ တခါတလေမှပဲ သွားနိုင်မှာပါ။ လအနည်းငယ်မှာမှ တခါလောက်ပဲ သွားနိုင်မယ်ထင်တယ်” ဟု ကျိုင်းတုံထောင်မှ ရန်ကုန်သို့ ယမန်နေ့က ပြန်ရောက်လာသည့် ဒေါ်ကြည်ကြည်ညွန့်က ပြောသည်။

အလားတူပင် ဟာသပညာရှင် ကိုဇာဂနာနှင့် ဘလော့ဂါ လူငယ် ကိုနေဘုန်းလတ် အပါအဝင် ထင်ရှားသည့် နိုင်ငံရေးသမားများကို မြန်မာပြည်တဝှမ်း အကျဉ်းထောင်များဆီသို့ စစ်အစိုးရက ပြောင်းရွှေ့ပို့ဆောင်ခဲ့သည်။

ကိုဇာဂနာကို မြန်မာပြည် မြောက်ဘက်စွန်း ကချင်ပြည်နယ် မြစ်ကြီးနားထောင်နှင့် ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော်ကို မြန်မာပြည် တောင်ဘက်စွန်း ကော့သောင်းထောင်သို့ ပို့ဆောင်ခဲ့သည်။

ပုဂ္ဂလိက ဘဏ် ၂ ခုတွင် ငွေထုတ်မရကြောင်း ကောလာဟလ ပေါ်ထွက်

နန်းဒေ၀ီ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 10 2008 17:21 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ပုဂ္ဂလိကဘဏ် ၂ ခုဖြစ်သည့် ကမ္ဘောဇနှင့် ရိုးမဘဏ်တွင် ငွေထုတ်ယူခွင့် ရပ်ဆိုင်းကြောင်း ကောလာဟလများ ပေါ်ထွက်နေသော်လည်း ဘဏ်တာဝန်ရှိသူများကမူ မဟုတ်မှန်ကြောင်း ယနေ့ ငြင်းဆိုသည်။

ရန်ကုန်အခြေစိုက် ယခု ဘဏ် ၂ ခုတွင် စာရင်းဖွင့်ထားသူများအကြား ကောလာဟလ ပြောဆိုမှုများ ဖြစ်ပေါ်နေသော်လည်း ဘဏ်တာဝန်ရှိသူများဘက်က ဤပြောဆိုချက်များအပေါ် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

"ဘာပြဿနာမှ မရှိပါဘူး။ ကျနော်တို့ Remittance (ငွေလွှဲပြောင်းလုပ်ငန်း) လုပ်နေတာပဲ။ သိန်း တထောင်လွှဲရင် သိန်း တထောင် ချက်ချင်း ထုတ်ပေးတယ်" ဟု 'ရိုးမဘဏ် လီမိတက်' ရုံးချုပ်မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

အလားတူပင် ရန်ကုန်မြို့ ပြည်လမ်းရှိ 'ကမ္ဘောဇဘဏ် လီမိတက်' မှ ၀န်ထမ်းတဦးကလည်း ပုံမှန်အတိုင်း ငွေထုတ်ပေးနေသည်ဟု ဆိုသည်။

သူက "ပုံမှန်အတိုင်းပဲ ငွေထုတ်ပေးနေပါတယ်။ အခုထိ ဘယ်သူမှ complain (တိုင်တန်း) လုပ်တာ မရှိသေးပါဘူး" ဟု ပြောသည်။

ယခု ဘဏ် ၂ ခုနှင့် ငွေလွှဲငွေထုတ် ပုံမှန်ပြုလုပ်နေသည့် ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကလည်း ကောလာဟလများ ကြားသိနေရသော်လည်း သူ့အနေဖြင့် ယခုထိ ပုံမှန်အတိုင်း ငွေထုတ်ယူနိုင်ကြောင်း ပြောဆိုသည်။

သူက "ကျမတို့က အဲဒီဘဏ်တွေနဲ့ ပုံမှန်ဆက်သွယ်နေတော့ အခုထိ ဘာမှတော့ ပြဿနာ မရှိဘူး။ ကျမတို့ လုပ်ငန်းအတွက် လိုသလောက် ထုတ်လို့ရတယ်။ ရိုးမဘဏ်ဆိုရင် စဖွင့်ကတည်းက ဆက်ဆံလာတာ အခုထိပဲ" ဟု ပြောသည်။

ငွေသွင်း၊ ငွေထုတ် ပြုလုပ်ရာတွင် မြန်မာအစိုးရ ဖွင့်ထားသည့် မြန်မာဗဟိုဘဏ် (Central Bank of Myanmar) ညွှန်ကြားချက်အတိုင်း တနေ့လျှင် ကျပ်ငွေ သိန်း ၃၀ အထိသာ ငွေသွင်းလက်ခံကာ၊ တပတ်အတွင်း တကြိမ်နှုန်းဖြင့်သာ နှစ်သက်သည့် ငွေပမာဏကို ထုတ်ယူခွင့်ပေးကြောင်း ကမ္ဘောဇဘဏ်မှ ၀န်ထမ်းက ပြောသည်။

သူက "ဗဟိုဘဏ်က ညွှန်ကြားထားတာအမ။ ဘာဖြစ်လို့ဆိုတာကို သေချာမသိဘူး။ တလကျော်လောက်ရှိပြီ။ သူတို့ပြောတဲ့အတိုင်း လုပ်နေတာ" ဟု ဆိုသည်။

သို့သော်လည်း ကမ္ဘောဇဘဏ်၌ပင် စာရင်းဖွင့်ထားသူတဦးကမူ ဘဏ်တွင် သက်တမ်းရှည်ကြာ ခိုင်မာစွာ စာရင်းဖွင့်ထားသူများသာ စိတ်တိုင်းကျ အတိုင်းအတာအထိ ငွေထုတ်ယူနိုင်သော်လည်း မခိုင်မာသေးသူ စာရှင်းရှင်များအတွက်မူ တပတ်လျှင် ၁၀ သိန်းအထိသာ ထုတ်ပေးသည်ဟု မဇ္ဈိမကို ပြောဆိုသည်။

ရန်ကုန်မှာ ခွဲတန်းစနစ်နဲ့ လျှပ်စစ်မီး ပြန်ရပြီ


Print E-mail
မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 10 2008 14:24 - မြန်မာစံတော်ချိန်


နယူးဒေလီ
။ ။ ရန်ကုန်တွင် ရက်သတ္တတပတ်ခန့် လျှပ်စစ်မီး ပြတ်တောက်သွားရာမှ ယမန်နေ့က စတင်ကာ ပြန်ရလာသည်။

လျှပ်စစ်မီးဖြန့်ဝေသည့် စက်များကို မောင်းနှင်ရာ၌ လိုအပ်သည့်ဂက်စ်များ နည်းပါးနေသဖြင့် မြို့နယ်အများစုကို လွန်ခဲ့သည့် တပတ်ခန့်က လျှပ်စစ်မီးပေးဝေမှု လုံးဝရပ်ဆိုင်းခဲ့ရာမှ ယမန်နေ့က ပြန်ပေးနိုင်ခြင်း ဖြစ်သည်။

မြို့နယ်များကို ယခင်ကလို ၆ နာရီခြားတခါ လျှပ်စစ်မီး ပြန်ပေးနိုင်ပုံကို ရန်ကုန်တိုင်း သာကေတမြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ တိုင်တန်းရေးဌာနမှ တာဝန်ကျ ၀န်ထမ်းတဦးက မဇ္ဈိမကို ယခုလို ပြောသည်။

သူက “အလှည့်ကျစနစ်နဲ့ (ယမန်နေ့) မနက် ၆ နာရီက စပေးတယ်။ ၆ နာရီခြားတခါ ပေးတယ်။ မြို့နယ်တိုင်းမှာ ခွဲတန်းစနစ်တွေ ရှိတယ်။ အလှည့်ကျ ပြန်ပေးနေပြီ” ဟု ပြောသည်။

စမ်းချောင်းမြို့မှ အိမ်ရှင်မတဦးက “ကျမတို့ဆီလည်း မီး လာပါတယ်။ အလှည့်ကျ သဘောမျိုးပေါ့။ မနက် ၆ နာရီလာရင် ညနေကနေ စပျက်တယ်။ ဟိုရက်ပိုင်းတွေက လုံးဝ မလာဘူး။ မနေ့မနက်က စလာတယ်” ဟု ပြောသည်။

လျှပ်စစ်မီး ပြတ်တောက်ခဲ့စဉ်က အင်တာနက်ဆိုင်၊ စာရိုက်စာစီ၊ မိတ္တူကူးလုပ်ငန်းနှင့် ရုံးလုပ်ငန်း အများစုတွင် ဒီဇယ်၊ ဓာတ်ဆီသုံး မီးစက်များ သုံးစွဲခဲ့ရသဖြင့် ကျသင့်ငွေမှာ ပုံမှန်ထက် ဈေးတက်ခဲ့သည်။

ရန်ကင်းရှိ အင်တာနက်ဆိုင်မှ အမျိုးသမီးက “မီး ပြန်လာပြီလေ။ ကျမတို့ဆိုင်ကတော့ မီး လာလာ၊ မလာလာ ပုံမှန်ဈေးပါပဲ။ တချို့ဆိုင်တွေက မီးစက်မောင်းရရင် တိုးတောင်းတယ်။ မနက်ပိုင်း လာရင် ညနေပိုင်းမှာတော့ မလာဘူး။ အလုပ်လုပ်ရတာ တော်တော်လေးကို အခက်အခဲတွေ ရှိတယ်” ဟု ပြောသည်။

တာမွေမြို့မှ ဒေသခံတဦးကလည်း “မီးပျက်ရင်တော့ ရေ အခက်အခဲ ရှိတယ်။ မီးလာတဲ့ အခါကျရင် နည်းနည်း ဂရုစိုက်ပြီးတော့ တင်ထားရတာ ရှိတယ်။ မီးပျက်တဲ့အခါ ရေကို အောက်မှာ ဆင်းခပ်ရတယ်။ မီးလာတဲ့အချိန်ကို စောင့်ပြီး တင်ရတယ်။ ညမှဆိုရင်တော့ အိပ်ရေးပျက်အောင် စောင့်ရတာပေါ့” ဟု ပြောသည်။

သူက ဆက်ပြီး “အိမ်က မီးစက်ရှိတော့ တော်သေးတာပေါ့။ အရင်တုန်းက ကိုယ့်မီးစက်လေးက နိုင်တာပေါ့။ အခု မီးစက်ကလည်း ခိုင်းတာကြာတော့ ကျနေတဲ့အတွက် မနိုင်ဘူး ဖြစ်နေတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် တနာရီလျှင် မဂ္ဂါဝပ် ၉၆ဝဝ ဖြစ်သော်လည်း ဖြန့်ဖြူးသည့်အခါ မဂ္ဂါဝပ် ၆၆ဝဝ သာ ရှိကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးဌာန စာရင်းက ဆိုသည်။

Tuesday, December 9, 2008

ဝန်ကြီး ၈ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ရာထူးမှ နှုတ်ထွက်မည်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဒီဇင်ဘာလ 09 2008 16:59 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ အနည်းဆုံး ၀န်ကြီး ၈ ဦးနှင့် မြို့တော်ဝန် တဦးသည် လက်ရှိရာထူးများမှ အနားယူပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အမတ်များအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိကြောင်း အစိုးရ သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

သစ်တော၊ ဆောက်လုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ မွေးမြူရေး၊ အမှတ် (၁) စက်မှု၊ ပို့ဆောင်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ၀န်ကြီး ၈ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် မဝေးလှသော အနာဂတ်တွင် အစိုးရအဖွဲ့ဝင် ရာထူးများမှ နှုတ်ထွက်မည်ဖြစ်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း နေပြည်တော်ရှိ သတင်းရပ်ကွက်များက ပြောသည်။

အတိုက်အခံများနှင့် ဝေဖန်သူများ အပြင်းအထန် ကန့်ကွက်ထားသော်လည်း စစ်အစိုးရက နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်လမ်းပြမြေပုံ ချမှတ်ထားကာ ၂၀၁၀ ခုနှစ်တွင် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးလည်း ပါရှိသည်။

ပြည်တွင်း အကဲခတ်တဦးက "၀န်ကြီးဟောင်းတွေက ကြိမ်းသေနိုင်တဲ့ နေရာတွေမှာ ၀င်ပြိုင်လာကြလိမ့်မယ်" ဟု ပြောလိုက်ရင်း လက်ရှိ အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းအနေဖြင့် မန္တလေးတွင်လည်းကောင်း၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် မြစ်ကြီးနားတွင် ၀င်ပြိုင်နိုင်ဖွယ်ရှိသည်ဟု သူက ဆက်ပြောသည်။

စစ်အစိုးရမှသည် အရပ်သားအနည်းငယ် ရောစွက်လာမည့် အစိုးရပုံစံသစ် ဖြစ်ပေါ်လာရေး ဖန်တီးမည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပါဝင်ခွင့် မရအောင် ကန့်သတ်မှုများ ပြုလုပ်ဖွယ်ရှိသည်ဟု သူက ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရခဲ့သော်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပေးရန် စစ်အစိုးရက ငြင်းဆန်ထားသည်။ ထို့အပြင် ပါတီခေါင်းဆောင်နှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် သူမကိုပါ နေအိမ်၌ အကျယ်ချုပ်ချထားသည်။

နှုတ်ထွက်မည်ဆိုသော ၀န်ကြီး ၈ ဦးနှင့် မြို့တော်ဝန်၏ စာရင်းကို အောက်တွင် ဖော်ပြထားသည်။

၁။ ဗိုလ်မှူးချုပ် သိန်းအောင် (၀န်ကြီး၊ သစ်တောရေးရာဝန်ကြီးဌာန)

၂။ ဗိုလ်ချုပ် စောထွန်း (၀န်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)

၃။ ဗိုလ်ချုပ် စောလွင် (၀န်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)

၎။ ဗိုလ်မှူးချုပ် မောင်မောင်သိမ်း (၀န်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)

၅။ ဦးအောင်သောင်း (၀န်ကြီး၊ အမှတ် (၁) စက်မှုဝန်ကြီးဌာန)

၆။ ဗိုလ်ချုပ် သိန်းဆွေ (၀န်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန)

၇။ ဗိုလ်ချုပ်ဌေးဦး (၀န်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)

၈။ ဗိုလ်မှူးချုပ် သိန်းဇော် (၀န်ကြီး၊ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန)

၉။ ဗိုလ်မှူးချုပ် အောင်သိန်းလင်း (မြို့တော်ဝန်၊ ရန်ကုန်)

ဦးသန့် တံဆိပ်ခေါင်း ကုလက ထုတ်ဝေမည်


သန်းထိုက်ဦး
တနင်္လာနေ့၊ ဒီဇင်ဘာလ 08 2008 20:16 - မြန်မာစံတော်ချိန်



ချင်းမိုင်။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ မြန်မာနိုင်ငံသား ဦးသန့်၏ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း ၃ မျိုးကို လာမည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကုလက ထုတ်ဝေသွားမည်။

ဦးသန့်၏ ရုပ်ပုံများဖြင့် ထုတ်ဝေမည့် တံဆိပ်ခေါင်းများကို အမေရိကန် ဒေါ်လာ ဝ.၉၄ ၊ ဆွစ်ဇာလန် ဆွစ်ဖရန့်စ် ၁.၃ဝ ၊ ဥရောပသမဂ္ဂ ငွေကြေး ယူရို ၁.၁၅ တန်ကြေးဖြင့် ထုတ်ဝေ ရောင်းချမည်ဟု ကုလသမဂ္ဂ စာတိုက်ဌာန၏ website ၌ ထုတ်ပြန် ကြေညာထားသည်။

ဦးသန့်သည် ဒုတိယမြောက် ကုလအတွင်းရေးမှူးချုပ်ဖြစ်သူ ဒက်ဂ် ဟန်းမားဂျိုလ် လေယာဉ်ပျက် သေဆုံးပြီးနောက် ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်၍ အစားထိုး အမှုထမ်းခဲ့ရသည်။ ၁၉၆၂ နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အထွေထွေညီလာခံက တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်သည်။

နောက်သက်တမ်းတွင်လည်း ညီလာခံက ဆက်လက်၍ ခန့်အပ်ခဲ့သဖြင့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အမှုထမ်းခဲ့သည်။

သူ့ကို ဧရာဝတီတိုင်း ပန်းတနော်မြို့၌ ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်းတို့က မွေးဖွားခဲ့ပြီး ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ကုလတာဝန်မှ အနားယူနေချိန်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ အသက်မှာ ၆၅ နှစ်သာ ရှိသေးသည်။

ထိုအချိန်က မြန်မာပြည်တွင် အုပ်ချုပ်နေသည့် အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက သူ၏ ရုပ်ကလာပ်ကို နိုင်ငံတော်ဈာပနဖြင့် မသဂြုင်္ိဟ်ပဲ သာမန် နိုင်ငံသားအဖြစ်သာ သဂြုင်္ိဟ်မည်ဆိုသဖြင့် မကျေမနပ်ဖြစ်နေသော တက္ကသိုလ်ကျောင်းသားများက ဈာပနနေ့ဖြစ်သည့် ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဦးသန့်ရုပ်ကလာပ်ကို လုယူခဲ့ရာမှ ဦးသန့်အရေးအခင်းဟူ၍ ပေါ်ပေါက်ခဲ့သည်။

ကျောင်းသားပြည်သူ ဆန္ဒပြသူများအား ဦးနေ၀င်း အစိုးရက ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် ဖမ်းဆီးသဖြင့် လူဦးရေ ၅ ထောင်ကျော် ဖမ်းဆီးခံရကာ ဦးရေ ၅၂၀ မှာ ထောင်ဒဏ် ၄ နှစ်မှ ၁၀ နှစ်အထိ ပြစ်ဒဏ်ပေးခဲ့သည်။ နောက်ပိုင်းတွင် ချင်းအမျိုးသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး အပါအ၀င် ၈ ဦးကို သေဒဏ် အပြစ်ပေးခဲ့သည်။

ဦးသန့်သည် ၁၉၅၇ မှ ၁၉၆၁ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရက ချီးမြှင့်သော မဟာသရေစည်သူဘွဲ့ကို ရရှိခဲ့သေးသည်။

ကမ္ဘာ့နိုင်ငံများရှိ ထင်ရှားသည့် တက္ကသိုလ်၊ ကောလိပ် ၃၀ ကျော်ကလည်း ဂုဏ်ထူးထောင် ဒီဂရီဘွဲ့များ ချီးမြှင့်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အမျိုးသားကျောင်း ကျောင်းအုပ်ကြီးအဖြစ် ၄ နှစ်ခန့် အမှုထမ်းခဲ့သလို၊ ကျောင်းအုပ်ကြီးများ အသင်းတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ မြန်မာ ကျောင်းသုံးစာအုပ် ကော်မတီနှင့် အမျိုးသားပညာရေး ကောင်စီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ကာ၊ မြန်မာနိုင်ငံ ပညာရေး ပြန်လည်ပြုပြင်ရေး ကော်မတီတွင် အတွင်းရေးမှူးနှင့် အလွတ်သတင်းထောက်အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။

ဘုရားကျောင်းနှင့် မိဘမဲ့များအတွက် ဂီတရန်ပုံငွေပွဲ ကျင်းပမည်

သန်းထိုက်ဦး
တနင်္လာနေ့၊ ဒီဇင်ဘာလ 08 2008 16:29 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ဘုရားကျောင်းနှင့် မိဘမဲ့ကလေးများအတွက် မြန်မာနိုင်ငံမှ နာမည်ကြီး အဆိုတော်များက ဆောင်းတွင်း အမှတ်တရ ဂီတဖျော်ဖြေပွဲတရပ်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ မနက်ဖြန်တွင် ကျင်းပသွားမည်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ကွန်ပြူတာ ပလာဇာ၏ အနောက်ဘက်မှ တရုတ် ယူနန်ဘုံကျောင်း၌ အဆိုတော် ရင်ဂို၊ မေခလာ၊ ဘိုဖြူ၊ ကဗျာဘွဲ့မှူး၊ ထူးအယ်လ်လင်း၊ မီးမီးခဲနှင့် N ဆာလာက မနက်ဖြန် ညနေ ၆ နာရီမှ ည ၉ နာရီခွဲအထိ သီဆိုဖျော်ဖြေကြမည်။

"ကရင်နဲ့ ကချင်လူငယ်တွေက ရန်ကုန်ပြန်ရောက်ရင်တော့ ကိုယ့်ရဲ့ဘုရားကျောင်းအတွက် လှူတာတို့ပေါ့နော်။ ခရစ်စမတ်လက်ဆောင်၊ နောက် ရန်ကုန်မှာ မိဘမဲ့ကျောင်းလေးတွေ နည်းနည်းပါးပါး အလှူလေးတွေ ပေးနိုင်အောင်ပေါ့နော်။ လူငယ်တွေက အဲဒီလိုလုပ်တာပေါ့။ အဆိုတော်တွေကလည်း မတ္တာနဲ့ လာဆိုပေးကြတာပါပဲ" ဟု ဖျော်ဖြေပွဲကျင်းပရေးအတွက် ဆောင်ရွက်နေသူတဦးက မဇ္ဈိမကို ပြောသည်။

ချင်းမိုင်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအကြား ၀င်ကြေးအဖြစ် လက်မှတ်တစောင်လျှင် ထိုင်းဘတ်ငွေ ၁၅၀ နှုန်းဖြင့် ရောင်းချနေရာ ယခုထိ လက်မှတ် ၂၀၀ ခန့်ရောင်းပြီးဖြစ်သည်။

ယခုလ ၅ ရက်နှင့် ၆ ရက်နေ့ကလည်း မြို့တော် ဘန်ကောက်ရှိ ခရစ်ယာန်ကျောင်းသားများစင်တာ SCC တွင် နှစ်ရက်ကြာ ဖျော်ဖြေခဲ့ရာ လက်မှတ်တစောင်လျှင် ဘတ် ၃၀၀ မှ ၅၀၀ အထိ ရောင်းခဲ့ရာ တညလျှင် မြန်မာ ၃၀၀ ခန့် လာရောက်အားပေးခဲ့သည်။

ယခုနှစ် သြဂုတ်လအတွင်းက 'ချင်းပြည်နယ် အစာခေါင်းပါးမှု ဘေးသင့် ဒုက္ခသည်များအတွက် အလှူငွေ' အမည်ရှိ ဂီတပွဲကို ချင်းတိုင်းရင်းသူ အဆိုတော် ဆုန်သင်းပါရ်၊ စံပီး၊ ဇမ်နူးနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ မီးမီးနှင့် မားဆောင်မ်တို့က ချင်းမိုင်တနေရာတွင် ဖျော်ဖြေခဲ့ကြသေးသည်။